
သမိုင်းရေးထိုးခဲ့သည့် USS Wyoming ပေါ်က အမျိုးသမီးစစ်သည်များ
အမေရိကန်ရေတပ်အနေဖြင့် အမျိုးသမီးများအား ရေငုပ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်မှာ ၁၂ နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုစုပေါင်းအား နှိုင်းယှဉ်ကြည့်လျင် အမျိုးသမီးစစ်မှုထမ်းဦးရေသည် ၄ ပုံ ၁ ပုံခန့်ရှိသည်။ ထိုအထဲတွင်မှ ရေငုပ်သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ခွင့်ရရှိသူမှာ အနည်းငယ်သာရှိသည်။
Georgia ရှိ Naval Submarine Base Kings Bay တွင် အခြေစိုက်သည့်အမေရိကန်၏ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘော USS Wyoming’s (SSBN 742) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးစစ်သည် ၁၅ ဦးသည် အမျိုးသမီးများ ရေငုပ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ပြီးမြောက်ခဲ့မှုဆိုသည့် သမိုင်းအား မကြာသေးမီက ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။

အမျိုးသမီးစစ်သည်များ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့် ပင်လယ်ပြင် ဟန့်တား ကင်းလှည့်နိုင်စွမ်းရှိ ရေငုပ်သင်္ဘောများတွင် တာဝန်ထမ်းဆောင်မှုပြီးမြောက်ခဲ့ခြင်းဖြင့် အဆိုပါရေငုပ်သင်္ဘောများသည် သမိုင်းရေးထိုးခဲ့ပြီဖြစ်သည်။ လက်ရှိ ပဲ့ထိန်းဒုံးပျံပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘော ၄ စီးနှင့် တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘော ၁ စီး တို့တွင်အမျိုးသမီးစစ်သည်များ တာဝန်ထမ်းဆောင်လျက်ရှိသည်။ အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ဆဲ ရေငုပ်သင်္ဘော အစီး ၇၀ ရှိသည်။
ရေတပ်သားဘဝအား လေယာဉ်တင်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခြင်းဖြင့်စတင်ခဲ့ရသည့် အမျိုးသမီးစစ်သည် Chief Logistics Specialist Samantha Mincey က သူမအနေဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်အဖြစ် သူမကိုသူမ ဘယ်တော့မှ မမြင်ခဲ့မိကြောင်း၊ သူမ ရေတပ်သို့စတင်ဝင်ရောက်ချိန်တွင် အမျိုးသမီးများအား ရေငုပ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခွင့်မပြုခဲ့ကြောင်း၊ အမျိုးသမီးများအား ရေငုပ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မှုကိုစတင်လက်ခံရန် ဘယ်တော့မှ မတွေးခဲ့မိကြောင်း ပြောကြားထားသည်။ Mincey သည် Los Angeles သူဖြစ်ပြီး လွန်ခဲ့သော ၁၆ နှစ်ကျော်ကာလကတည်းက ရေတပ်သို့ ဝင်ရောက်ခဲ့သည့် စီနီယာအမျိုးသမီးစစ်သည် တစ်ဦးဖြစ်သည်။ အမျိုးသမီး Chief တစ်ဦးဖြစ်ခြင်းကြောင့် သူမအနားရှိ အမျိုးသားနှင့် အမျိုးသမီး ဂျူနီယာရေတပ်သားများအား အားပေး တည်ဆောက်မှုတွင် အထောက်အပံ့ပေးနိုင်သည့် အတွေ့အကြုံများရရှိထားခြင်းအား နှစ်သက်ကြောင်း Mincey ကပြောထားသည်။
ရေငုပ်သင်္ဘောတစ်စီးကင်းလှည့်ခြင်းသည် ဆိပ်ကမ်းက ခွာသည့်အချိန်မှစတင်ပြီး ပြန်ရောက်ချိန်တွင် အဆုံးသတ်သည်။ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘော၏ တာဝန်တစ်ခုလုံးသည် ခြိမ်းခြောက်တိုက်ခိုက်လာနိုင်သည့် ရန်သူအား မဟာဗျူဟာကျသော ဟန့်တားကင်းလှည့်ခြင်းဖြင့် တားဆီးရန်ဖြစ်သည်။

တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောတစ်စီးသည် ပင်လယ်ပြင်တွင် ပျမ်းမျှ ရက်ပေါင်း ၇၇ ရက်ခန့်ထိ တာဝန်ထမ်းဆောင်ပြီး ဆိပ်ကမ်းတွင် ၃၅ ရက်ခန့် ထိန်းသိမ်းမှုများလုပ်ဆောင်သည်။
Torpedoman’s Mate 3rd Class Kania John က သူမသည် ၂၀၁၈ ခုနှစ် ရေတပ်ထဲဝင်ရောက်ခဲ့ချိန်တွင် ရေငုပ်သင်္ဘောသည် သူမအတွက် ရွေးချယ်စရာတစ်ခုဖြစ်ခဲ့မည်မှန်း မသိခဲ့ကြောင်း၊ တစ်ခါတရံ စီစဉ်ထားသမျှဖြစ်မလာတတ်ကြောင်း၊ သို့သော် အတွေ့အကြုံကောင်းများပိုမိုရရှိစေခြင်းကြောင့် ဒီအလုပ်နှင့် အတူလက်တွဲလုပ်ရသည့်သူများအား နှစ်သက်ကြောင်း ပြောကြားထားသည်။
ရေငုပ်သင်္ဘောများပေါ်တွင် အမျိုးသမီးအရာရှိများအား ၂၀၁၁ ကတည်းက စတင်ခန့်အပ်ခဲ့သော်လည်း
အမျိုးသမီးစစ်သည်များခန့်အပ်ချင်းထက် အနည်းငယ်နောက်ကျသည်။ John က ရေငုပ်သင်္ဘောတပ်ဖွဲ့တွင် အမျိုးသမီးများတာဝန်ထမ်းဆောင်ခြင်း သမိုင်းမှတ်တိုင်အတွက် ဂုဏ်ယူမိကြောင်း၊ သူမ၏ သား/သမီး၊ မြေး/မြစ်များအတွက် အလွန်ဂုဏ်ယူစရာများထဲမှ တစ်ခုဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဟန့်တားကင်းလှည့်ခြင်းတာဝန်ပြီးဆုံးသူများအား ၎င်းတို့၏ ယူနီဖောင်းတွင် တိုက်ချင်းပစ် ဒုံးပျံပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောအမှတ်တံဆိပ်(Boomer)အား တပ်ဆင်ခွင့်ပြုထားသည်။
Machinist’s Mate (Nuclear) 3rd Class Ashley Whitmyer သည် သူမမိသားစုတွင် ရေတပ်သို့ဝင်ရောက်သည့် ပထမဆုံးသူဖြစ်ပြီး Boomer ရရှိသည့် ပထမဆုံးအမျိုးသမီးများထဲတွင် ပါဝင်လာခြင်းအားသိရှိခဲ့ရခြင်းကြောင့် အလွန်အံ့ဩမိကြောင်း၊ သူမအနေဖြင့် Boomer အားအမျိုးသမီးများရရှိမည်မဟုတ်ဟုထင်ခဲ့ကြောင်း ပြောကြားထားသည်။
John က ရေငုပ်သင်္ဘောတစ်စီးပေါ်တွင်တာဝန်ထမ်းဆောင်ခြင်းသည် အမြဲမလွယ်ကူကြောင်း၊ သို့သော် ကြိုးစားမှုတွင် တန်ဖိုးရှိကြောင်း၊ ပထမဆုံးတာဝန်ထမ်းဆောင်ရာတွင် စိန်ခေါ်မှုများစွာရှိကြောင်း၊ သို့သော် ကိုယ့်ကိုယ်ကို အောင်မြင်ရန်ယုံကြည်ကြောင်း၊ သက်ကြိုးစားခဲ့သမျှ၏ ၁၀၀% အား အချိန်ကိုက် ယူနီဖောင်းတွင် ပြသရတော့မည်ဖြစ်ကြောင်း၊ အလေးထားပါ အောင်မြင်လာမည် ဖြစ်ကြောင်း ပြောကြားထားသည်။
SSBN တစ်စီးတွင် အပြာရောင်တပ်ဖွဲ့နှင့် ရွှေရောင်တပ်ဖွဲ့ဟူပြီး ၂ ဖွဲ့ရှိသည်။ ဆိုလိုရင်းသည် ကင်းလှည့်တာဝန်ထမ်းဆောင်ချိန်တွင် တစ်လှည့်စီ တာဝန်ယူရန်ဖြစ်သည်။ Wyoming ၏ အပြာရောင်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်ပေါင်း ၁၉၁ ဦးရှိသည်။ ထိုကြောင့် Wyoming၏ အပြာရောင်တပ်ဖွဲ့တွင် အမျိုးသမီး ၈% ပါဝင်သည်ဟုဆိုနိုင်သည်။

Mincey က အမျိုးသမီးတွေ အနေနဲ့ ရေငုပ်သင်္ဘောဆိုတာအမျိုးသားတွေပဲတာဝန်ထမ်းဆောင်ရမယ့်နေရာလို့သဘောထားပြီး ကိုယ်တိုင် ပါဝင်ထမ်းဆောင်ဖို့ကို ဟန့်တားမထားပါနဲ့ဟုပြောကြားထားသည်။ ထိုအပြင် သူမက အမျိုးသမီးများအနေနဲ့ မကြောက်ပါနဲ့၊ ကိုယ့်ကိုယ်ကို အမှန်တိုင်းနေပါ၊ ငါတို့ဟာ လူနည်းစုဆိုပေမယ့် ငါတို့ဘာဆိုတာ ပြနိုင်တဲ့ အရာတွေအများကြီးရှိတယ်၊ မလွယ်ကူတာမှန်တယ် ဒါပေမယ့် နောက်ဆုံးမှာ မင်းတို့လုပ်နိုင်သလို သူတို့လဲလုပ်နိုင်တယ်ဆိုတာကို ပြောကြလိမ့်မယ် ဟု အားပေးပြောကြားထားသည်။ Wyoming ၏ အမျိုးသမီးစစ်သည်များ၊ ရေတပ်နှင့် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေကြသည့်အမျိုးသမီးများသည် သူတို့နောက် ဆက်လက်တာဝန်ထမ်းဆောင်ကြမည့် အမျိုးသမီးအားလုံးအတွက် ဆက်လက်လမ်းဖွင့်ပေးနေမည်ဖြစ်သည်။ USS New Jersey (SSN 796) မှ စတင်ပြီး လာမည့် Columbia-class ballistic missile submarine အားလုံးနှင့် Virginia-class fast attack submarine အားလုံးတွင် အမျိုးသမီးစစ်သည်များသည် တပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ပါဝင်လာမည်ဖြစ်သည်။
ယနေ့ခေတ်တွင် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းလာနိုင်ပြီဖြစ်သည်။ ထိုသို့ တန်းတူရင်ဘောင်တန်းနိုင်ရန်အတွက်လည်း အခွင့်အလမ်းများ ဖွင့်ပေးခဲ့ကြောင့်ဖြစ်သည်။ သဘောသဘာဝရ အမျိုးသားများနှင့်ယှဉ်လျင် အမျိုးသမီးများသည် အားနည်းသည်မှန်သော်လည်း လုံ့လ၊ ဝီရီယ၊ ကာယ၊ ဉာဏပိုင်းအား ပိုမိုစိုက်ထုတ်ခြင်းဖြင့် အမျိုးသားများနှင့်ရင်ဘောင်တန်းနိုင်သည်ဆိုတာထက် ပိုမိုသာလွန်သည့် အခြေအနေအား ရောက်ရှိလာနိုင်သည်။ ယနေ့ခေတ်တွင်မဆိုထား ရှေးခေတ်များတွင် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ စစ်ပွဲတွင် ရွတ်ရွတ်ချွံချွံ ပါဝင်ခဲ့ကြသည့် အမျိုးသမီးသူရဲကောင်းများစွာရှိခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း သမိုင်းတွင်ခဲ့သည့် အမျိုးသမီးသူရဲကြောင်း သူရဘွဲ့ရ မချစ်ပို ရှိခဲ့ဖူးသည်။ အမျိုးသားစစ်သည်တစ်ဦးရရှိရန်ပင် ခက်ခဲသည့် သူရဘွဲ့အား ရရှိခဲ့သူဖြစ်သည်။
ယနေ့ နိုင်ငံတကာတပ်မတော်များကဲ့သို့ပင် မြန်မာ့တပ်မတော်တွင်လည်း အမျိုးသမီးစစ်မှုထမ်းများ တစ်ဖန်ပြန်လည်ပါဝင်လာပြီဖြစ်သည်။ ထိုအတူ တပ်မတော်(ရေ) တွင် အမျိုးသမီး စစ်မှုထမ်း အရာရှိ/စစ်သည်များစွာ တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ အမေရိကန်ရေတပ်မှ Boomer တံဆိပ်ရ အမျိုးသမီးစစ်သည်များ သမိုင်းသစ်ရေးထိုးနိုင်ခဲ့သလို မြန်မာ့တပ်မတော်(ရေ)မှ အမျိုးသမီး စစ်မှုထမ်းများသည်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သမိုင်းသစ်ရေးထိုးလာနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။
Leave a Reply