အမေရိကန်၏ နိုင်ငံရပ်ခြားချီရွေ့လျားအခြေစိုက်စခန်း ရေယာဉ် ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာခြင်း

အမေရိကန်၏ နိုင်ငံရပ်ခြားချီရွေ့လျားအခြေစိုက်စခန်း ရေယာဉ် ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာခြင်း
အမေရိကန်၏ USS Miguel Keith နိုင်ငံရပ်ခြားချီ ရွေ့ပြောင်းအခြေစိုက်စခန်း (Expeditionary Mobile Base) ရေယာဉ်သည် ပထမဆုံးအဖြစ် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အဆိုပါ Expeditionary Mobile Base USS Miguel Keith သည် အလွန်ကြီးမားသည့် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးရေယာဉ်ကြီးဖြစ်ပြီး ရေယာဉ်ပေါ်တွင် အမိန်ပေးနှင့်ထိန်းချုပ်ရေး စနစ်များပါရှိသည်။ အဆိုပါ ရေယာဉ်ကြီးကြောင့် တောင်တရုတ်ပင်လယ်အတွင်း အခြေစိုက်ထားသည့် အမေရိကန်တပ်ဖွဲ့များ၏ စစ်ဆင်နိုင်မှုစွမ်းရည် ပိုမိုကျယ်ပြန့်လာမည့်ဖြစ်သောကြောင့် တရုတ်မှ လေ့လာစမ်းစစ်သူများက တရုတ်အနေဖြင့် အနီးကပ်ဂရုစိုက် စောင့်ကြည့်သွားရန် သတိပေးထားသည်။
USS Miguel Keith အား အမေရိကန်၏ Arleigh Burke အတန်းစား ဖျက်သင်္ဘောတစ်စီးမှ အစောင့်လိုက်လာပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ USS Miguel Keith အား ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အနောက်ပစိဖိတ်တွင် တပ်ဖြန့်ထားခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ USS Miguel Keith သည် တန်ချိန် ၉၀၀၀၀ ကျော်ရှိပြီး အမေရိကန်၏ လေယာဉ်တင်သင်္ဘောများပြီးလျင် ဒုတိယမြောက်အကြီးဆုံးရေယာဉ် အမျိုးအစားဖြစ်သည်။ USS Miguel Keith သည် အလျား ၂၃၉ မီတာ၊ ဗျက် ၅၀ မီတာ၊ ရေစူး ဝန်ပြည့်တွင် ၁၂ မီတာရှိပြီး Lewis B. Puller အတန်းစား Expeditionary Mobile Base တွင် တတိယမြောက်အစီးဖြစ်သည်။ ၎င်းရေယာဉ်အမျိုးအစားသည် တိုက်စစ်စွမ်းရည်အဖြစ် ကြီးကြီးမားမားမရှိသော်လည်း အခြားရေယာဉ်များအား ထိမ်းသိန်းရေး၊ ပြုပြင်ရေး၊ ဆီ/ရေ/ရိက္ခာ ထောက်ပံ့ဖြည့်တင်းပေးရေးစသည့် ထောက်ပံ့ရေးအပိုင်းများတွင် ပင်လယ်ပြင်မှနေပြီး အချိန်ကြာမြင့်စွာထောက်ပံ့ပေးနိုင်သောကြောင့် စစ်ရေယာဉ်များ၏ ပင်လယ်ပြင်တပ်ဖြန့်မှုစွမ်းရည်အား ပိုမိုတိုးတက်စေသည်။ ထိုအပြင် ရေယာဉ်စုတစ်ခု၏ အလံဆောင်ရေယာဉ်အဖြစ် ပင်လယ်ပြင်မှနေပြီး စစ်ရေယာဉ်များအား ထိန်းချုပ်၊ ကွပ်ကဲမှုများပြုလုပ်နိုင်သည်။ တောင်တရုတ်ပင်လယ်သည် ဧရိယာအားဖြင့် အလွန်ကျယ်ပြန့်သောကြောင့် အမေရိကန်စစ်ရေယာဉ်များအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အချိန်ကြာမြင့်စွာတပ်ဖြန့်မှုတွင် အခက်အခဲများစွာရှိစေသည်။ သို့သော် USS Miguel Keith ရောက်ရှိလာခြင်းသည် အဆိုပါအခက်အခဲများအားအကောင်းဆုံးဖြည့်ဆည်းရန် နည်းလမ်းဖြစ်ခြင်းကြောင့် တောင်တရုတ်ပင်လယ်အတွင်း တပ်ဖြန့်မှုအား အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနိုင်သည်။ ထိုကြောင့်လည်း တရုတ်လေ့လာစမ်းစစ်သူများက တောင်တရုတ်ပင်လယ်အား ယခင်ကထက် ပိုမိုစောင့်ကြည့်သွားရန် သတိပေးလာခြင်းဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*