
တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းက ကျွန်း ၃ ကျွန်းပေါ်တွင် အပြည့်အ၀တပ်ချထားနိုင်ပြီဟု အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက ပြောကြား
———————————————————————–
အမေရိကန်၏ အင်ဒို-ပစိဖိတ်ဒေသ ခေါင်းဆောင် Admiral John C Aquilino က တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားမှုဖြစ်ပွားနေသည့် ကျွန်းများထဲမှ အနည်းဆုံး ကျွန်း ၃ ကျွန်းအပေါ်တွင် အပြည်အ၀တပ်ဖြန့်ချထားပြီဖြစ်ကြောင်း သုံးသပ်ပြောကြားထားသည်။
Admiral Aquilino က တရုတ်သမ္မတအနေဖြင့် အငြင်းပွားမှုဖြစ်ပွားနေပြီး တရုတ်မှဖန်တီးထားသည့် လူလုပ်ကျွန်းများအား စစ်အခြေစိုက်စခန်းအဖြစ်မတည်ဆောက်ရန် ကတိပေးထားခဲ့သော်လည်း ယခုအခါတွင် ၎င်းကတိအားချိုးဖျက်ပြီး တောင်တရုတ်ပင်လယ်အတွင်း အင်အားဖြန့်ကျက်သည့်အနေဖြင့် လူလုပ်ကျွန်းများပေါ်တွင် ရေယာဉ်ဖျက်ဒုံးပျံများ၊ လေယာဉ်ပစ်ဒုံးပျံများ၊ တိုက်လေယာဉ်များနှင့် အခြားသော စစ်လက်နက်ပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာအဆောက်အဦများ ဖြန့်ကျက်တပ်ဆင်ပြီး စစ်အခြေစိုက်စခန်းအဖြစ်တည်ဆောက်ထားပြီးဖြစ်ကြောင်း ပြောကြားထားသည်။


Admiral Aquilino က အမေရိကန်ရေတပ်၏ ရေကြောင်းကင်းထောက်လေယာဉ် P-8A Poseidon ဖြင့် တောင်တရုတ်ပင်လယ်အတွင်းကင်းလှည့်စဉ် အငြင်းပွားလျက်ရှိသည့် Spratly ကျွန်းစုများအနီးအရောက်တွင် တရုတ်က P-8A Poseidon လေယာဉ်သည် ၎င်းတို့၏ ပိုင်နက်အတွင်းတရားမဝင်ဝင်ရောက်နေကြောင်း ပိုင်နက်မှထွက်ခွာသွားရန် အမိန့်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ တရုတ်အနေဖြင့် Spratly ကျွန်းစုများရှိ လူလုပ်ကျွန်းများတွင် တပ်ဖွဲ့ဝင်များတပ်ဖြန့်ထားခြင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာအား ကာကွယ်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ပိုင်ခွင့်ရှိကြောင်းပြောကြားထားသည်။
Admiral Aquilino က P-8A Poseidon ဖြင့်ထောက်လှမ်းရာတွင် Spratly ကျွန်းများအတွင်းလူလုပ်ကျွန်းများတွင် စစ်ဘက်ဆိုင်ရာအထပ်မြင့်အဆောက်အဦများ၊ အလုပ်ရုံများ၊ လေယာဉ်ရုံများ၊ ဒုံးပျံစင်များ၊ ဆိပ်ကမ်းများ၊ လေယာဉ်ပြေးလမ်းများ၊ ရေဒါစခန်းများနှင့် အခြားသော စစ်ဘက်ဆိုင်ရာအဆောက်အဦများတွေ့ရှိရပြီး Fiery Cross အနီးတွင် စစ်ရေယာဉ် အစီး ၄၀ ခန့် ကျောက်ချထားခြင်းအား တွေ့ရှိရကြောင်း၊ အဆောက်အဦများသည် အလုံးစုံတည်ဆောက်ပြီးစီးသောအနေအထား တွင်ရှိနေပြီဖြစ်ကြောင်း၊ တရုတ်အနေဖြင့် အခြားသောကျွန်းများအပေါ်တွင်လည်း စစ်ဘက်ဆိုင်ရာအဆောက်အဦးများ ထပ်မံတည်ဆောက်သွားဖွယ်ရှိကြောင်း ပြောကြားထားသည်။
၎င်းက တရုတ်၏ တောင်တရုတ်ပင်လယ်တွင်း Spratly ကျွန်းစုများတွင် ဒုံးပျံပစ်စင်များ၊
စစ်အခြေစိုက်စခန်းများတည်ဆောက်ထားရှိမှုသည် တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းသွားလာသည့် အရပ်ဘက်လေယာဉ်များအား ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်စေကြောင်း တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းသည်နှင့် တရုတ်၏ ဒုံးပျံပစ်မှတ်အကွာအဝေးတွင်းရောက်ရှိသွားမည်ဖြစ်ကြောင်း ၊ တရုတ်၏ Spratly ကျွန်းစုများအတွင်း စစ်ရေးအင်အားတည်ဆောက်လာမှုသည် အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်နှင့် ဝေဟင်တို့တွင် လွတ်လပ်စွာသွားလာခွင့်အား ခြိမ်းခြောက်မှုကြီးဖြစ်စေကြောင်း ပြောကြားထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တွင်းရှိ Spratly ကျွန်းများအား ၎င်းတို့ပိုင်နက်အဖြစ်တောင်းဆိုထားပြီး ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကတည်းက အဆိုပါ ကျွန်းများတွင် အခြေစိုက်စခန်းများတည်ဆောက်လာခဲ့သည်။ အမေရိကန်အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာရေပြင်နှင့် ဝေဟင်တို့တွင် လွတ်လပ်စွာသွားလာခွင့်ရှိကြောင်း သက်သေပြသည့်အနေဖြင့် ၎င်း၏ စစ်ရေယာဉ်၊ လေယာဉ်များအား တောင်တရုတ်ပင်လယ်အတွင်းတပ်ဖြန့်သွားလာမှုအား ပြီးခဲ့သောဆယ်စုနှစ် တစ်ခုကျော်ကတည်းက ပြုလုပ်လာခဲ့သည်။ တောင်တရုတ်ပင်လယ်သည် ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းတွင် အချက်အချာကျသည့် နေရာတစ်ခုဖြစ်ပြီး ကုန်သွယ်စီးဆင်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့်ရှိသည်။ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း တရုတ်နည်းတူ နိုင်ငံ့ရေပြင်ပိုင်နက်နှင့် ဆက်စပ်နေသည့် တောင်တရုတ်ပင်လယ်ဧရိယာများအား တောင်းဆိုထားသည်။
Leave a Reply